International News

၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ သစ်သီးတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ (၈.၅၃) ဘီလျံရရှိခဲ့ပြီး ဗီယက်နမ်က အမီလိုက်နိုင်ရန် ရည်ရွယ်ထား

Last Updated:

ထိုင်းနိုင်ငံ၏ သစ်သီးဝလံထုတ်လုပ်မှုသည် တစ်နှစ်လျှင် တန်ချိန် (၅.၄၃) တန်ခန့်သာ ရှိသော်လည်း ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ သစ်သီးတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ (၈.၅၃) ဘီလျံခန့် ရှိမည်ဟု ခန့်မှန်းထားရာ ဗီယက်နမ်သစ်သီးဝလံလုပ်ငန်းကဏ္ဍအနေဖြင့် ထိုင်းနိုင်ငံအား အမီလိုက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။

ဗီယက်နမ်နိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံထုတ်လုပ်နိုင်မှုသည် တစ်နှစ်လျှင် (၁၂)သန်းမှ (၁၃)သန်းခန့်အထိ  ရှိသဖြင့် ပြည်တွင်းစားသုံးမှုအတွက် ဖူလုံသည့်အပြင် ကမ္ဘာ့နိုင်ငံပေါင်း (၆၀) ခန့်သို့ တင်ပို့လျက်ရှိပြီး၊ နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလျံဖြင့် ဝင်ငွေရရှိနေသည်ဟု ဆိုပါသည်။

၂၀၁၉ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုမှဝင်ငွေ အမေရိ ကန်ဒေါ်လာ (၃.၇) ဘီလျံရရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ (၃.၂၆) ဘီလျံ၊ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃.၅၅) ဘီလျံဖြင့် အနည်းငယ်ကျဆင်းခဲ့ပါသည်။ တစ်ဖက်တွင် ထိုင်းနိုင်ငံ၏ သစ်သီးဝလံတင်ပို့မှုဝင်ငွေမှာ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃.၇၆)ဘီလျံမှ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ (၄.၂) ဘီလျံ၊ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၅.၃)ဘီလျံတို့သို့ တိုးတက်ခဲ့ကြောင်း သိရပါသည်။

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံထုတ်လုပ်မှုသည် ထိုင်းနိုင်ငံ၏ ထုတ်လုပ်နိုင်မှုထက် (၂.၄) ဆ နီးပါး ပို၍မြင့်မားသော်လည်း ဗီယက်နမ်၏ သစ်သီးတင်ပို့မှုဝင်ငွေမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၃) ဘီလျံကျော်ဝန်းကျင်သာ ရရှိနေဆဲဖြစ်ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ဈေးကွက်သုတေသနနှင့် ဖွံ့ဖြိုးမှုပိုင်းတွင် များစွာရင်းနှီးမြှုပ်နှံထားပြီး၊ ထိုင်းနိုင်ငံရှိ တက္ကသိုလ်များ/သုတေသနအဖွဲ့အစည်းများသည် အနာဂတ်အတွက် မဟာဗျူဟာများချမှတ်ထားကြကြောင်း၊ ဈေးကွက်ရှာဖွေရေးအပိုင်းတွင်ပို၍ ပရော်ဖက်ရှင်နယ်ဖြစ်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ထိုင်းနိုင်ငံ၏ ဈေးကွက်ရှာဖွေရေးအစီအစဉ်များမှာ ထိရောက်မှုများစွာရှိလာကြောင်း၊ ဗီယက်နမ် အရည်အသွေးမြင့်ထုတ်ကုန်များဆိုင်ရာ စီးပွားရေးလုပ်ငန်းအသင်း (Business Association of High Quality Vietnamese Products) ၏ ဥက္ကဌဖြစ်သူ Ms. Vu Kim Hanh က ပြောကြားပါသည်။  

 

 

(ကျော်စိန်ဝင်း၊ MYANTRADE)

ရင်းမြစ် -   https://www.freshplaza.com/

Category: International News